Sunday, August 26, 2007

IF......



အကယ်၍သာ

အကယ်၍
မင့်အသိုင်းအ၀ိုင်းတွေ တုန်လှုပ် ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်း အပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနှင့် ရင်ဆိုင်နိုင်မယ်ဆိုရင်........။

အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်ကြတဲ့အခါ
သူတို့ကို နားလည်စွာနှင့် ခွင့်လွှတ်ရင်း
မင့်ကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်......။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်......။
ဒါမှမဟုတ်
မင်းကို လူတကာ ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွါးဘူးဆိုရင်....။

အကယ်၍
စိတ်ကူးယဉ်အိမ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင်.......။

ပီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက် မဖြစ်စေဘဲ
တွေးခေါ်နိုမယ်ဆိုရင်......။

အကယ်၍
အောင်မြင်မှု သုခနှင့် ဆင်းရဲမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတွေပါလားလို့
ခံယူထားနိုင်မယ်ဆိုရင်.....။

အကယ်၍
မင့်ရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနှင့် နာကြားနိုင်မယ်ဆိုရင်.....။

အကယ်၍
မင်းဘ၀တခုလုံးကို ပေးပြီး
အရိပ်တကြည့်ကြည့်နှင့် ဖြည့်ဆည်းခဲ့ရတဲ့ အရာတွေကို
ဖျက်ဆီးခံရပြီးတဲ့နောက်
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာတွေနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်......။

အကယ်၍
မင်းနိုင်ခဲ့သမျှ အရာတွေအားလုံး
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်.....

ပြီးတော့တခါ
ဆိုးရွားလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညီးညူမနေဘူးဆိုရင်......။

အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လို့
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ
ဆက်ကြိုးစားနိုင်မယ်ဆိုရင်.....။

အဲဒီလိုပဲ
မင်းမှာ စိတ်အင်းအားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားမယ်ဆိုရင်......။

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်.....။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမဲ့
မာန်မာန သွေးမကြွဘူးဆိုရင်.....။

အကယ်၍
ရန်သူကဖြစ်စေ ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကြည်းအောင် မလုပ်နိုင်စေရင်.....။

အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်.....။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့
စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင်
ငါ့သားရေ....
မင်းဟာ အရာရာဖြစ်တဲ့ အရာရာရှိတဲ့
ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို စွမ်းဆောင်နိုင်ပြီပေါ့.....။

အဲဒီတော့
မင်းဟာလည်း ယောင်္ကျားကောင်းတစ်ယောက်ပေါ့.....။

No comments: